စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို မြေပြင်မှာ နည်းပေါင်းစုံနဲ့ ဆန့်ကျင်ကာ ရပ်ရွာတွေကို ကာကွယ်ပေးသူတွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းမှာဖြစ်တယ်လို့ တိုင်းတွင်းနေသူတွေက မေ ၅ ရက်က ကြေညာပါတယ်။
စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၇ ခုက ဒေသခံပြည်သူတွေနဲ့ ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
အချက် ၇ ချက်ပါ ထုတ်ပြန်ချက်မှာတော့ အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကို စစ်အကြမ်းဖက်တွေရဲ့ အန္တရာယ်က ကာကွယ်ဖို့၊ စစ်အကြမ်းဖက်ကောင်စီကို ပြောက်ကျားစနစ်နဲ့ ဆန့်ကျင်ခုခံဖို့၊ လိုအပ်တဲ့လက်နက်ပစ္စည်းတွေကို မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့တွေဆီ ပံ့ပိုးဖို့၊ NUG, CRPH, KIO/KIA တို့နဲ့ချိတ်ဆက်ပြီး ဝန်းကျင်တိုင်းနဲ့ပြည်နယ်တွေနဲ့ အတူတကွ တော်လှန်ရေးကို ဖော်ဆောင်ဖို့ စတဲ့အချက်တွေ ဖော်ပြထားပါတယ်။