ရွေးကောက်ပွဲ

အတိုက်အခိုက်များကြားက ဝါရင့်နိုင်ငံရေးလှုပ်ရှားသူ ဒေါ်ဝင်းမြမြ အနိုင်ရရှိ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင် မန္တလေးမြို့မှ ထင်ရှားကျော်ကြားသော အစ္စလာမ်ဘာသာဝင် နိုင်ငံရေးသမား ဒေါ်ဝင်းမြမြသည် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဝင်းမြမြသည် မဲကွာဟချက် ၅၅,၀၀၀ ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

ဒေါ်ဝင်းမြမြက ခိုင်လုံမဲ ၇၇,၄၄၅ မဲရရှိခဲ့ပြီး ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကြည်ပြုံးက ၂၂,၁၉၅ သာ ရရှိခဲ့သည့်အတွက် မဲကွာဟချက် ၅၅,၂၅၀ ရှိသည်။ 

ဒေါ်ဝင်းမြမြသည် စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးကြည်ပြုံး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဒေါက်တာသက်အောင်သန်း၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ ဦးဆွေဥက္ကာ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)  ဦးဇော်မင်းထွန်းရှိန်တို့နှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများတွင် NDF ဦးဇော်မင်းထွန်းရှိန်သည် အမျိုးသားရေးဆရာတော် ဦးဝီရသူထောက်ခံသူဖြစ်ပြီး နိုင်ငံခြားသားနှင့် အိမ်ထောင်ပြသူ သမ္မတဖြစ်ခွင့်မရှိဆိုသည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ထောက်ခံပွဲများနှင့် တပ်မတော်ထောက်ခံပွဲများတွင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။ 

ဒေါ်ဝင်းမြမြသည် ရွေးကောက်ပွဲမတိုင်မီကာလတွင် ဘာသာရေးအရတိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။ ဒေါ်ဝင်းမြမြကို အစ္စလာမ်ဘာသာဝင်ဖြစ်သည်ဆိုကာ ရာနှင့်ချီသော ဗုဒ္ဓဘာသာဘုန်းကြီးများ ဦးဆောင်ကာ NLD ပါတီကို ဩဂုတ်လအတွင်း ကန့်ကွက်စာပို့ခဲ့သည်။

ထိုသို့ ကန့်ကွက်ခြင်းနှင့် ပတ်သက်၍ NLD ပါတီဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ဘာသာခြားများဖြစ်သည့် ခရစ်ယာန်ဘာသာဝင်များကိုလည်း ရွေးချယ်ခဲ့သည့်အတိုင်း ယခုရွေးကောက်ပွဲတွင် အစ္စလာမ်ဘာသာဝင်များအဆိုပြုလာပါက ရွေးချယ်ရန် ဆုံးဖြတ်ပြီး ရွေးချယ်ရေးမူများ၊ သတ်မှတ်အရည်ချင်းများနှင့် ပြည့်စုံသည့်အတွက် အစ္စလာမ်ဘာသာဝင်နှစ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၏ အမျိုးမျိုးသော ဖိအားကြောင့် အစ္စလာမ်ဘာသာဝင်များကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်နိုင်ခဲ့သော်လည်း ယခုရွေးကောက်ပွဲတွင်မူ အစ္စလာမ်ဘာသာဝင်နှစ်ဦးဖြစ်သည့် ဒေါ်ဝင်းမြမြနှင့် ကိုစည်သူမောင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့သည်။ 

မန္တလေးမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူ ဒေါ်ဝင်းမြမြသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်ထူထောင်သည့် ၁၉၈၉ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး ယနေ့ အသက် ၇၁ နှစ်အရွယ်အထိ နိုင်ငံရေးတွင် မဆုတ်မနစ် ပါဝင်လှုပ်ရှားနေခဲ့သူလည်းဖြစ်သည်။

အမျိုးမျိုးသော နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်အကြိမ်ကြိမ်ခံခဲ့ရသည့်အပြင် အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုများလည်း ခံခဲ့ရသူ ဒေါ်ဝင်းမြမြင်ကို နိုင်ငံရေးယုံကြည်ချက်၊ ရပ်တည်ချက်ခိုင်မာသူ စိတ်ဓာတ်ပြင်းထန်သူဟု သတ်မှတ်ထားကြသည်။ 

နိုင်ငံရေးမုန်တိုင်းများနှင့် ပတ်သက်၍ ဒေါ်ဝင်းမြမြက “ဗုဒ္ဓဘာသာအရဆိုရင် ကံကံ၏အကျိုးဆိုတာ ရှိပါတယ်။ အစ္စလာမ်မှာလည်း ဘုရားသခင်စီရင်တယ်ဆိုတာ ရှိပါတယ်။ ကြောက်ပြီးတော့မှ မလုပ်ဘဲနေရင် လုပ်လို့မအောင်မြင်တာပဲရှိမှာ။ လုပ်နေတော့လည်း အချိန်တန်တော့ သူ့အချိန်နဲ့သူ သွားပါများခရီးရောက်၊ အဲဒီသဘောမျိုးပဲ ခံယူပါတယ်။ ဘယ်အရာမဆို ဖြစ်စရာရှိဖြစ်မယ်၊ ပျက်စရာရှိပျက်မယ်လေ။ လုပ်စရာရှိတာလုပ်ရမှာပဲ” ဟု Myanmar Now ကို ပြောကြားဖူးသည်။ 

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

Show More

Related Articles

Back to top button