မြန်မာပြည်အပြင်က အစိုးရများနဲ့ မြန်မာပြည်ကို ခွဲပိုင်ခဲ့သူများ

  • ဘိုဘို
  • ဘီဘီစီမြန်မာပိုင်း
burma

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, အန်ယူဂျီကို ထောက်ခံကြသူများ

လတ်တလော နိုင်ငံရေးပဋိပက္ခတွေကြောင့် မြန်မာပြည်မှာ အစိုးရနှစ်ရပ် စင်ပြိုင်ပေါ်ပေါက်နေပြီလို့ ပြောကြသလို ဘယ်အစိုးရကမှ နိုင်ငံ ကို သေချာ မအုပ်ချုပ်နိုင်သေးဘူးလို့လည်း ပြောကြပါတယ်။ တရားမဝင်အစိုးရအဖြစ် စစ်ကောင်စီနဲ့ အန်ယူဂျီအကြား အပြန်အလှန် စွပ်စွဲပြောဆိုတာ တွေလည်း ရှိနေပြီး နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှုရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ ဖေဖော်ဝါရီ အာဏာသိမ်းပွဲ နောက်ပိုင်း ဖြစ်ရပ်တွေကြောင့် စစ်ဘက်နဲ့ အရပ်ဘက် နိုင်ငံရေးထိပ်သီးတွေကြား အာဏာခွဲဝေမှုမျှခြေ ပျောက်ဆုံးသွားပြီး နိုင်ငံမတည်မငြိမ်နဲ့ ပျက်စီးဆုံးရှုံးမှုတွေ များမယ့်ဘက် ကို ဦးတည် နေတာဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Pen and Sword Books

ဓာတ်ပုံ ပုံစာ, စစ်အတွင်း ပြည်မြို့က ရွှေဆံတော်ဘုရား

နန်းလု နိုင်ငံရေး

ဒီလို စင်ပြိုင်အစိုးရပေါ်တဲ့ခေတ်မျိုး မြန်မာပြည်မှာ အရင်ကလည်း ရှိခဲ့ဖူးပြီး အစိုးရနှစ်ခုသာမက သုံးခုလောက်ထိ စင်ပြိုင် ပေါ်ခဲ့တဲ့ ခေတ်တွေ ရှိခဲ့ဖူး ပါတယ်။ နောက် ဒီအစိုးရတွေမှာ ပေါင်းဟောင်းသင်းဟောင်းတွေ ဟိုဘက်ဒီဘက် ကွဲပြီး ပါနေတာမျိုးတွေလည်း ရှိခဲ့သလို အစိုးရတစ်ရပ်က နောက်အစိုးရ ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ ဝရမ်းထုတ်တာတွေလည်း ရှိခဲ့ဖူးပါတယ်။ ခေတ်ပြောင်းသွားတဲ့အခါမှာ ရန်ဘက်တွေ ပြန်ပေါင်းစည်းပြီး အစိုးရတစ်ဖွဲ့ တည်းမှာ ပြန်ပေါင်းထုပ်မိကြတာတွေလည်း ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပဒေသရာဇ်ခေတ်တစ်လျှောက် နန်းလုပွဲတွေ၊ မင်းပြိုင် အုပ်စိုးမှုတွေနဲ့ တိုင်းကျပ်နိုင်ငံငယ်လေးတွေ ပေါ်ထွန်းခဲ့တဲ့အတွက် စင်ပြိုင်ထောင်ပြီး အာဏာလုတဲ့အကျင့်က ၂၁ ရာစုထဲထိ ပါလာတယ်လို့ ဆိုနိုင် ပါတယ်။ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာလည်း ၁၉ နဲ့ ၂ဝ ရာစု တစ်လျှောက်မှာ ဒီလို နန်းလုနိုင်ငံရေးကြီးစိုးခဲ့တာကို တွေ့ရပြီး အနောက်ဥရောပမှာတော့ ၁၉၃၆ က စပိန်ပြည်တွင်းစစ်ခေတ်ထိ တွေ့ခဲ့ရ ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch

ဓာတ်ပုံ ပုံစာ, ပါတော်မူသွားတဲ့ စုဘုရားကလေး၊ စုဘုရားလတ်နဲ့ သီပေါမင်း

ပုဂံမှာ မွန်ဂိုဝင်တိုက်လို့ ပြေးရတဲ့ နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း၊ မြို့ဖျက်ပြီး မောရှမ်းတွေ ဖမ်းခေါ်သွားတဲ့ ပင်းယဘုရင် မောပါနရသူ၊ မွန်တပ်တွေ အင်းဝ ဝင်သိမ်းပြီး ပဲခူးမှာ သတ်တာ ခံရတဲ့ မဟာဓမ္မရာဇာဓိပတိ ဟံသာဝတီရောက်မင်း နဲ့ အိန္ဒိယထိ ဗြိတိသျှတွေ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မဒရပ်ပါ မင်းတရား ခေါ် သီပေါမင်းတို့ဟာ သမိုင်းမှာ အထင်အရှား ရှိခဲ့တဲ့ စစ်ရှုံး စစ်ပြေးဘုရင်တွေ ဖြစ်ကြပြီး လွတ်လပ်ရေး ရပြီး နောက်မှာတော့ နှစ်ကြိမ် အာဏာသိမ်းခံရပြီး ၁၉၆၂ မှာ နှစ်ရှည် ဖမ်းဆီးခံခဲ့ရတဲ့ ဦးနု ကို မင်္ဂလာဒုံပါ မင်းတရားကြီးလို့ သတင်းစာဆရာ ဦးသိန်းဖေမြင့်က သမုတ် ခဲ့ပါတယ်။ ၂ဝ၂၁ အာဏာသိမ်းပွဲမှာ ထိန်းသိမ်းခံရတဲ့ NLD အစိုးရခေါင်းဆောင်တွေကိုတော့ နေပြည်တော်ပါ အစိုးရလို့ သတ်မှတ်တာ မတွေ့ရသေးဘဲ သူတို့နောက် မှာ ဆင့်ပွားဖွဲ့တဲ့ အန်ယူဂျီအစိုးရကိုသာ အွန်လိုင်းအစိုးရ နယ်မြေမဲ့အစိုးရလို့ ခေါ်ဆိုနေကြပါတယ်။

india

ဓာတ်ပုံ ရင်းမြစ်, Hindustan Times

ဓာတ်ပုံ ပုံစာ, နှင်းဖုံးတဲ့ ဆင်းမလားမြို့အလှ

ဆင်းမလား စစ်ပြေးအစိုးရ

ခေတ်သစ်သမိုင်းမှာ ပထမဆုံးတွေ့ရတဲ့ စစ်ပြေးအစိုးရကတော့ ၁၉၄၂ က အိန္ဒိယနိုင်ငံ ဆင်းမလားမြို့မှာ ရွှေ့ပြောင်းရုံးစိုက်ရတဲ့ ဆာပေါ်ထွန်းရဲ့ စစ်ပြေး အစိုးရ ဖြစ်ပါတယ်။ သူ့အရင် နန်းရင်းဝန် ဂဠုန်ဦးစောကို အမေရိကန်က အပြန်ခရီး ပေါ်တူဂီမှာ ဂျပန်နဲ့ဆက်လို့ဆိုပြီး ပါလက်စတိုင်းမှာ ဖမ်းပြီး ယူဂန္ဓာ ပို့ပါတယ်။ လစ်လပ်သွားတဲ့ အစိုးရခေါင်းဆောင်နေရာကို ဗြိတိသျှနဲ့ နီးစပ်တဲ့ ရခိုင်ဝန်ကြီး ဆာပေါ်ထွန်းက ဆက်ခံပြီး ဂျပန်ဝင်တိုက်ချိန်မှာ ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့အတူ ဆာပေါ်ထွန်းအစိုးရ အောင်မြင်စွာ ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။ မြန်မာပြည်က ထွက်ပြေးရတာကို ယာယီ သဘောမျိုး ကမ္ဘာကို ပြတဲ့အနေနဲ့ ၁၉၄၂ ဇွန်လမှာ အစိုးရပြန်ဖွဲ့ခဲ့တာလို့ ၁၉၄၅ -၁၉၄၈ မြန်မာ့နိုင်ငံရေး စာအုပ်မှာ ပါရှိပါတယ်။ ၁၉၄၃ မှာတော့ ဆာပေါ်ထွန်းကို ဘုရင်ခံရဲ့ အကြံပေးအရာရှိ ပြောင်းခန့်ပါတယ်။

ဒီအစိုးရမှာ ဆာပေါ်ထွန်းနဲ့ ဆာထွန်းအောင်ကျော်လို ရခိုင်ပညာတတ် လူချမ်းသာတွေပါဝင်ပြီး ဦးတင်ထွဋ်၊ ဒေါ်မြစိန်စတဲ့ နိုင်ငံခြားပြန် ပညာတတ်တွေ က ဝိုင်းဝန်းထားတာ ဖြစ်ပါတယ်။ ဗြိတိသျှ ဆုတ်ခွာချိန်မှာ သူတို့နဲ့ နီးစပ်တဲ့ မြန်မာ၊ ကရင်၊ ရှမ်း၊ တရုတ်၊ အိန္ဒိယနဲ့ ကပြားထဲက ပညာတတ်တွေ၊ အရာရှိ တွေနဲ့ လူချမ်းသာတွေ အိန္ဒိယနဲ့ တရုတ်ပြည်ကို ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။ ခြေကျင်၊ ကားလမ်း၊ ရေလမ်း၊ လေယာဉ်လမ်း ရတဲ့နည်းနဲ့ လိုက်ပါ သွားကြပြီး ထောင်သောင်းချီတဲ့ ဆင်းရဲသား ရွှေ့ပြောင်း အိန္ဒိယ အလုပ်သမားတွေပါ ဆုတ်ခွာသွားတာ ဖြစ်လို့ အသေအပျောက်လည်း များပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Central Press

ဓာတ်ပုံ ပုံစာ, စစ်ပြေးဘုရင်ခံ ဆာဒေါ်မန်စမစ်

ရန်ကုန်ကနေ မေမြို့၊ မြစ်ကြီးနား အဆင့်ဆင့် ဆုတ်ခွာသွားပြီး အိန္ဒိယကို ထွက်သွားတဲ့ စစ်ပြေးအစိုးရဟာ အလုပ်ရယ်လို့ အထူးတလည် မရှိဘဲ အငြိမ်းစား သဘောနေထိုင်ကြတယ်လို့ သိန်းဖေမြင့်ရဲ့ စစ်အတွင်းခရီးသည် စာအုပ်မှာ ဖော်ပြပါတယ်။ သူတို့နဲ့ အတူ ပါလာတဲ့ ဗြိတိသျှအရာရှိတွေ ကတော့ ဦးတင်ထွဋ်၊ ဦးဖူး စတဲ့ မြန်မာအရာရှိတွေနဲ့အတူ စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေးအတွက် စက္ကူဖြူစာတမ်းရေးဆွဲကြပါတယ်။ ဒီစာတမ်း မှာ လွတ်လပ်ရေး ချက်ချင်းပေးဖို့ မပါရှိဘဲ ဗြိတိသျှစီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ပြီးမှ အုပ်ချုပ်ရေး တစတစတိုးမြှင့်ပေးသွားဖို့ အားပေးတဲ့ အတွက် စစ်ပြီးခေတ်မှာ လက်နက်ကိုင်တပ်တွေ ထူထောင်ထားပြီး ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို မြန်မာနိုင်ငံရေးခေါင်းဆောင်သစ်တွေက ဆန့်ကျင်တာ ခံခဲ့ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆင်းမလားအစိုးရဟာ သူတို့ဝါဒဖြန့်ချိရေးအတွက် အေအိုင်အာခေါ် အောအင်းဒီးယားရေဒီယိုကနေ မြန်မာပြည်ကို အသံလွှင့်ခဲ့သလို လန်ဒန်က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကနေလည်း သတင်းအမှောင်ချခံနေရတဲ့ မြန်မာပြည်အတွက် ထုတ်လွှင့်ခဲ့ပါတယ်။ နောက် ဂျပန်တော်လှန်ရေးအတွက် မြန်မာ၊ ရခိုင်၊ ချင်း၊ ကချင် စတဲ့ လူငယ်တွေကို လေထီးနဲ့ စစ်သင်တန်းတွေ ပေးပြီး ပြည်တွင်း ပြန်လွှတ်ရေးမှာလည်း ပြည်တွင်းက ဂျပန်နဲ့ ပေါင်းခဲ့တဲ့ တော်လှန်ရေး သမားတွေနဲ့ အိန္ဒိယရောက် ဗြိတိသျှ၊ အမေရိကန်မဟာမိတ်တွေကြားမှာ ဒေါ်မြစိန်၊ ဦးတင်ထွဋ်၊ ဒေါ်သန်းဧ၊ ညိုမြ၊ ဆာပေါ်ထွန်း စတဲ့ မြန်မာ အဝေးရောက်တွေက ကူညီညှိနှိုင်းပေးခဲ့ကြပါတယ်။

ဂျပန်ရုပ်သေးနဲ့ ရွှေရည်စိမ်အစိုးရ

ဂျပန်သိမ်းပိုက်ခံရတဲ့ မြန်မာပြည်တွင်းမှာတော့ နန်းရင်းဝန်ဟောင်း ဒေါက်တာဘမော်ကို ဗြိတိသျှဖမ်းထားတဲ့ မိုးကုတ်ထောင်ကနေ ကယ်ထုတ်ပြီး ဂျပန်က အစိုးရ ဖွဲ့စေပါတယ်။ ဂျပန်ဝင်စက ဖွဲ့ထားတဲ့ ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနေရာမှာ ဒေါက်တာရဲ့ ဓါးမ ခေါ် ဆင်းရဲသားအဖွဲ့ဝင်တွေ ကြီးစိုးတဲ့ အုပ်ချုပ်ရေးသစ် ပေါ်လာတာ ဖြစ်ပါတယ်။ နှစ်ဖွဲ့ ပဋိပက္ခပြေလည်ဖို့ နောက်ပိုင်းမှာ တို့ဗမာဆင်းရဲသား အစည်းအရုံး ဖွဲ့ခဲ့ပေမဲ့ မပြေလည်ဘဲ သခင်ထွန်းအုပ်နဲ့ သခင်ဗစိန်ကို သံအမတ်ခန့်ပြီး စင်္ကာပူပို့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ သခင်ကိုယ်တော်မှိုင်းအုပ်စုက ဗိုလ်ချုပ် အောင်ဆန်း၊ သခင်မြ၊ သခင်သန်းထွန်းနဲ့ သခင်နု တို့ကတော့ ၁၉၄၃ မှာ ဂျပန်ပေးတဲ့ လွတ်လပ်ရေးအစိုးရမှာ ဝန်ကြီးတွေ ဖြစ်လာကြပြီး ကိုယ်တော်မှိုင်း ကိုယ်တိုင် အဓိပတိမင်းကြီးအဖြစ် ဒေါက်တာဘမော်ကို ဘိသိက်သွန်းပေးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Keystone-France

ဓာတ်ပုံ ပုံစာ, စစ်အတွင်း ဂျပန်ရောက် ဘမော်အစိုးရဝင်များ

ဒီအစိုးရဟာ ဂျပန်သြဇာခံဖြစ်လို့ ဂျပန်နဲ့ အဆင်ပြေမယ် ထင်ရသော်လည်း ဒေါက်တာဘမော်ကို ဂျပန်နဲ့ မြန်မာ ပူးပေါင်းလုပ်ကြံရန် ကြံစည်မှု ဖြစ်ခဲ့ပြီး ကြံစည်သူတွေကို သေချာအရေးယူတာ မရှိတဲ့အပြင် ဒီထဲက တစ်ယောက်ဟာ ဖဆပလခေတ်မှာ ဝန်ကြီးအထိ ဖြစ်ခဲ့ပါတယ်။ တဘက်ကလည်း ဂျပန်က သီပေါမင်းမြေးတော် တော်ဘုရားကြီးကို နန်းတင်ဖို့ ကြံစည်ခဲ့ပါတယ်။

နောက် ဒေါက်တာဘမော်ဟာ ဂျပန်ခိုင်းတိုင်းမလုပ်ဘူးလို့လည်း ကြော်ကြားပါတယ်။ ဗြိတိသျှဘက်က လေထီးခုန်ပြီး ပြန်ဝင်လာတဲ့ ပညာမင်းကြီး ဦးချို သား စတန်လီချိုကိုလည်း အသက်ကယ်ခဲ့ပါတယ်။ ၁၉၄၅ ဂျပန်တော်လှန်ရေးမစခင်မှာလည်း သူသိထားတဲ့အချက်တွေကို ဂျပန်ဘက်ကို ဖွင့်မပြောခဲ့ ကြောင်း၊ ငါသာ သစ္စာမရှိရင်မင်းတို့ခေါင်းတွေ ပြုတ်ကုန်တာ ကြာပြီ ဆိုပြီး ဒေါက်တာဘမော်က ၁၉၇ဝ ခန့်မှာ တပ်မတော် ဗိုလ်မှူးကြီးဟောင်း တစ်ယောက်ကို ရှင်းချက်ထုတ်ပါတယ်။ သူသစ္စာဖောက်တယ် ဆိုပြီး ဗိုလ်မှူးကြီးဟောင်းခင်ညိုက စွပ်စွဲလို့ ဒီလိုပြန်ရှင်းခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်လည်း တော်လှန်ရေး မစခင်မှာ မိုင်ဒီးယားအဓိပတိကြီး အစချီပြီး ဒေါက်တာ ဘမော်ဆီကို နှုတ်ဆက်စာ ပို့ခဲ့ပါတယ်။ ရန်ကုန်က ဂျပန်ဆုတ်ပြီး မုဒုံထိ စစ်ပြေးချိန် မှာလည်း သခင်နုနဲ့ တခြားဝန်ကြီးတွေ သူနဲ့ ပါလာခဲ့ပါတယ်။ နောက်ပိုင်း ထိုင်းကနေ ဂျပန်အထိ ဂျပန်တပ်နဲ့အတူ ပါသွားပြီးနောက် မဟာမိတ်တွေ ဖမ်းပို့လိုက်လို့ ရန်ကုန်ပြန်ရောက်လာတဲ့ ဒေါက်တာဘမော်ကို ဗြိတိသျှဘက်က အရေးယူတာမလုပ်ခဲ့သလို သူ့အစိုးရ အဖွဲ့ဝင် ဝန်ကြီးဟောင်းတွေ ကို ရန်ကုန်သိမ်းစမှာ ရက်ပိုင်း အကျယ်ချုပ်ချတာပဲ ရှိခဲ့ပါတယ်။

မြန်မာ ဘယ်သူ့လူလဲ

ဒီထဲက ဒေါက်တာဆက်၊ ပျော်ဘွယ်ဦးမြ နဲ့ ဝန်ကြီးဟောင်းတချို့ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့တဲ့ ဖဆပလမှာ ပြန်ပါလာသလို လွတ်လပ်ပြီးခေတ်မှာလည်း ရာထူးကြီးတွေ ရတာ ရှိခဲ့ပါတယ်။ တကယ်က ဒေါက်တာရဲ့ စစ်အတွင်း အစိုးရမှာ ဂျပန်ဆန့်ကျင်ရေးသမားလို့ ကျော်ကြားတဲ့ ဒီးဒုတ်ဦးဘချိုနဲ့ သခင်စိုး၊ တော်လှန်ရေးအတွက် အိန္ဒိယထွက်သွားတဲ့ တက်ဘုန်းကြီးသခင်သိန်းဖေတို့လို လူမျိုးက လွဲပြီး ဗြိတိသျှခေတ်က ဆင်းမလားပါမသွားတဲ့ နိုင်ငံရေး ထိပ်သီးတွေ အတော်များများ ပြန်ထည့်ထားတာကို တွေ့ရပါတယ်။ လန်ဒန် တက္ကသိုလ် ဓနဗေဒကျောင်းက ဘွဲ့ရပြီး ဗြိတိသျှတပ်မှာ ဒုဗိုလ်မှူးကြီးထိ ဖြစ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးဧလည်း ဒေါက်တာ အစိုးရမှာ ပါသလို ဗြိတိသျှ ခေတ်က မြန်မာထဲက ပထမဆုံး ကာကွယ်ရေး အပိုအတိုင်ပင်ခံ ဝန်ကြီး ဖြစ်တဲ့ ဆာမောင်ကြီးလည်း ဂျပန်ခေတ်မှာ တရားလွှတ်တော် တရားဝန်ကြီး ဖြစ်ခဲ့ပါတယ်။ စစ်ပြီးလို့ ဗြိတိသျှပြန်ဝင် လာတော့လည်း ဦးဧနဲ့ ဆာမောင်ကြီးတို့ ဝန်ကြီး ဆက်ဖြစ်ခဲ့ကြပါတယ်။

စစ်ပြီးခေတ် နိုင်ငံရေးမှာတော့ ဆင်းမလားပြန် ဆာပေါ်ထွန်းတို့အုပ်စု ဘုရင်ခံ ဒေါ်မန်စမစ်ဖွဲ့တဲ့ အစိုးရသစ်မှာ ပါလိုက်တဲ့အတွက် ခေတ်မှိန်သွားသလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ လက်တွဲဖြုတ်လိုက်တဲ့ ဂျပန်လူလို့ သတ်မှတ် ခံရတဲ့ ဒေါက်တာဘမော်နဲ့ သခင်ဗစိန်တို့ အုပ်စုတွေလည်း အရှိန်အဝါကျသွားခဲ့ပါ တယ်။ နောက်ပိုင်းမှာ အာဖရိကကနေ ပြန်လာတဲ့ ဂဠုန်ဦးစောနဲ့ ပေါင်းပြီး စောစိန်မော်ဂိုဏ်းဖြစ်လာပေမယ့် လုပ်ကြံမှု ဖြစ်ပြီးနောက်ပိုင်း မှာ ဒီဂိုဏ်း သြဇာ ကျသွားခဲ့ပြန်ပါတယ်။

india

ဓာတ်ပုံ ရင်းမြစ်, Simranpreet Singh

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် သုတေသနပြုရုံးထိုင်ခဲ့တဲ့ ဘုရင်ခံချုပ်အိမ်တော်ဟောင်း

တကယ်က စစ်အတွင်း မြန်မာအစိုးရနှစ်ဖွဲ့ဟာ အခြေအနေအရ နိုင်ငံရေးမီးစင်ကြည့်ကကြရတဲ့ အနေအထားမှာ ပေါ်လာတဲ့ နိုင်ငံရေးရာသီဥတုသာ ဖြစ်ပြီး အပြန်အလှန် လက်စားချေနှိပ်ကွပ်မှုတွေ မရှိခဲ့ကြပါဘူး။ ဒါကြောင့် ဆင်းမလားပါသွားတဲ့ ဦးတင်ထွဋ်ရဲ့ ညီတွေ ဂျပန်သိမ်းထားတဲ့ မြန်မာပြည် ထဲမှာ ဆက်ရပ်တည် နိုင်ခဲ့သလို ဗြိတိသျှပြန်ဝင်ပြီးနောက်မှာလည်း ဂျပန်ခန့်ခဲ့တဲ့ ဝန်ကြီးတွေကို ဖမ်းဆီးအရေးယူတာတွေ မလုပ်ခဲ့ ပါဘူး။ နောက် ဂျပန် ဖွဲ့ပေးခဲ့တဲ့ ဗမာ့အမျိုးသား တပ်မတော် ကိုယ်တိုင် မဟာမိတ်တွေနဲ့ ပေါင်းပြီး ဂျပန်ကို ပြန်တိုက်ခဲ့တာကို တွေ့ရပါတယ်။ ဒီအချက်တွေက ပြင်သစ်၊ တရုတ် စတဲ့ နာဇီဖက်ဆစ်ဆန့်ကျင်ရေးစိတ် ပြင်းထန်တဲ့ နိုင်ငံတွေနဲ့ မတူဘဲ ထိုင်းလို ဝင်သိမ်းပိုက်သူတွေနဲ့ အဆင်ပြေအောင် ကြည့်နေခဲ့ရတဲ့ နိုင်ငံမျိုးနဲ့ သွားဆင် တာကို တွေ့ရပါတယ်။

ဗြိတိသျှနဲ့ ပါသွားတဲ့ စစ်ပြေးအစိုးရ ရုံးစိုက်ခဲ့ရာ ဆင်းမလားမြို့က ဘုရင်ခံချုပ်အိမ်တော်ဟောင်းမှာ ဖွင့်ထားတဲ့ အိန္ဒိယ အဆင့်မြင့်လေ့လာရေးသိပ္ပံမှာ ဂျပန်နဲ့ ပူးပေါင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်း စုကြည် ၁၉၈၆ က သွားပြီး သုတေသနပြုခဲ့တာကလည်း သမိုင်းရဲ့ တိုက်ဆိုင်မှုတခု ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Wikipaedia

ဓာတ်ပုံ ပုံစာ, ကရင်ခေါင်းဆောင် စောဘဦးကြီး

ကော်သူလေးနဲ့ ကွန်မြူနစ် အစိုးရများ

၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ် ကာလအတွင်းမှာလည်း ဗကပနဲ့ ကော်သူလေးခေါ် ကရင်လက်နက်ကိုင်တွေရဲ့ အစိုးရတွေ ဖွဲ့ခဲ့ပါ တယ်။ ပျဉ်းမနားနဲ့ တောင်ငူကို အခြေပြုတဲ့ ဒီအစိုးရတွေရဲ့ သက်တမ်း ဟာ မရှည်ကြာပေမဲ့ ကိုယ်ပိုင်နယ်မြေဖွဲ့ပြီး နိုင်ငံအုပ်ချုပ်ချင်စိတ် ရှိကြတာကို တွေ့ရပါတယ်။ ၁၉၄၉ ဇွန် တောင်ငူမှာ စောဘဦးကြီး ခေါင်းဆောင်ပြီး ကရင်တော်လှန်ရေး အစိုးရဖွဲ့တယ်လို့လည်း ပြည်တွင်းသောင်းကျန်းမှုသမိုင်းမှာ ပါရှိပါတယ်။ ၁၉၄၇ ကတည်းက ပအိုဝ်းနဲ့ ကရင်နီအပါအဝင် ကရင်ဇုန်နယ် ၁၁ နယ်ခွဲပြီး ကရင်ပြည်ရရှိရေး စည်းရုံးလှုပ်ရှားခဲ့တယ်လို့လည်း သိရ ပါတယ်။ ၁၉၅ဝ မှာ တောင်ငူကျပြီး နောက်လပိုင်းအတွင်း ကော့ကရိတ်ဘက်မှာ စောဘဦးကြီးကျဆုံးသွားပါတယ်။ အဲဒီနောက် ကရင်အစိုးရပြိုကွဲပြီး ဂျေဖူးညိုက ကော်သူလေး ဗဟို အုပ်ချုပ်ရေးအဖွဲ့ဖွဲ့ပေမဲ့ ကရင်တပ်တွေပေါ် သြဇာမညောင်းဘဲ ၁၉၅၅ ထိသာ တည်မြဲခဲ့တယ်လို့ ဆိုပါတယ်။

နောက် ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ပြည်မှာ ယီနန်ကို အခြေပြုပြီး ကွန်မြူနစ်လွတ်မြောက်ဒေသတည်ထောင်ခဲ့တဲ့အတွက် မြန်မာလွတ်မြောက် ဒေသ ကွန်မြူနစ်အစိုးရ အုပ်ချုပ်ရာ ရန်အောင်မြို့တော် ဆိုပြီး ဒဂုန်တာရာ ရေးတဲ့ ညိုမီဂုမ္ဘန် နဲ့ သောင်းကျန်းသူဝတ္ထုတွေမှာ စိတ်ကူးယဉ် ရေးဖွဲ့တာလည်း တွေ့ရ ပါတယ်။ ရန်နိုင်မြို့တော် တည်ထွန်းမလာခဲ့ပေမယ့် ကွန်မြူနစ်ကြီးစိုးခဲ့တဲ့ ပျဉ်းမနားတောင်ညိုမှာတော့ နေပြည်တော်ဆိုတဲ့ စစ်တပ် မြို့တော်သစ် တခု ပေါ်လာခဲ့ပါတယ်။ တောတွင်း ကွန်မြူနစ်အစိုးရဟာ မန္တလေး ပြည်ညွန့်စာအုပ်တိုက်က စာရေးဆရာကိုဘသောင်းခေါ် နဝရတ်ကို ပြန်ကြားရေး ဝန်ကြီး ခန့်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ဦးဘသောင်း ကတော့ အလင်းပြန်ဝင်ပြီး အချစ်သျှတ္တရကျမ်းတွေ ရေးခဲ့ပါတယ်။

၁၉၅ဝ မှာ တောင်ငူနဲ့ ၁၉၅၂ မှာ ပျဉ်းမနားတောင်ညိုစခန်းတွေကို ဖဆပလတပ်တွေ ပြန်သိမ်းပြီးနောက်ပိုင်း တောတွင်းတပ်ဖွဲ့တွေရဲ့ ဌာနချုပ်တွေ ရွှေ့ပြောင်းသွားခဲ့ပါတယ်။ ၁၉၅၂ မှာ ငြိမ်းချမ်းရေး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ဆိုပြီး ဖဆပလနဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ဗကပနဲ့ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစုက ထုတ်ပြန်တယ်လို့ သိရပါတယ်။ ဒီလို ကမ်းလှမ်းတာကို ကွန်မြူနစ်တွေ စစ်ရှုံးလို့ကမ်းလှမ်းတာ ဆိုပြီး ဖဆပလဘက်က ပယ်ချခဲ့ ပါတယ်။ကွန်မြူနစ်တွေ တောခိုစ ၁၉၄၈ က အစိုးရဖွဲ့ဖို့ ဖဆပလဘက်က ကမ်းလှမ်းခဲ့တာနဲ့ ပြောင်းပြန်ဖြစ်သွား ခဲ့ပါတယ်။

အနှစ် ၇ဝ ကျော်တဲ့ ပြည်တွင်းစစ်အတွင်း ဗကပနဲ့ ကရင်လက်နက်ကိုင်တွေရဲ့ လမ်းစဉ်အပြောင်းအလဲတွေ အကြိမ်ကြိမ် ရှိခဲ့ပြီး ဗကပ ချုပ်ငြိမ်းပြိုကွဲသွား ပေမယ့် ကေအန်ယူခေါ် ကရင်အမျိုးသား အစည်းအရုံးတပ်တွေ ကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ကေအန်ယူနဲ့ အလားတူ ကေအိုင်အေနဲ့ တခြားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေမှာ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပညာရေး စတဲ့ ဌာနတာဝန်ခံတွေ ခွဲပြီး အုပ်ချုပ်တာတွေလည်း ခုထက်ထိ ရှိနေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, John Preito

ဓာတ်ပုံ ပုံစာ, ပြည်ပြေး ဖြစ်သွားတဲ့ဦးနု

ပီဒီပီနဲ့ ပြည်ချစ် ပြည်ပြေးခေတ်

၁၉၆၂ အာဏာသိမ်းပြီးနောက်မှာလည်း ပြည်တွင်းစစ် ပြဿနာ မပြေလည်ဘဲ ပိုဆိုးလာသလို အာဏာလက်လွတ်သွားတဲ့ အရပ်သားခေါင်းဆောင်တွေရဲ့ ပုန်ကန်မှုလည်း ရှိလာပါတယ်။ ၁၉၆၆ မှာ ဦးနု ထောင်က လွတ်လာ ပြီးနောက် ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့ ၃၃ ဦးကော်မတီမှာ သူ့ကို တခြား နိုင်ငံရေး ခေါင်းဆောင်တွေနဲ့အတူ ခန့်ပါတယ်။ သူ့လက်ကနေ လုယူသွားတဲ့ အာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ကို ပြန်လွှဲပေးပြီး သူက တစ်ခါ ဗိုလ်ချုပ်ကြီးကို ပြန်လွှဲပေးမှ စစ်အစိုးရ တရားဝင်မယ်ဆိုပြီး ဦးနုက ကြားဖြတ်အစီရင်ခံစာကို တင်ပေမယ့် စစ်အစိုးရ ဘက်က လက်မခံဘဲ ပယ်ချ ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, ဦးနုရဲ့ ပြည်ချစ်တပ်သားတွေ ဘီးလင်းမှာ လက်နက်ချ

နောက် တခြား ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အထိန်းသိမ်းခံဘဝကနေ လွတ်မြောက်လာကြတဲ့ ဗိုလ်လက်ျာ၊ စောကြာဒိုး စတဲ့ ခေါင်းဆောင်ဟောင်းတွေနဲ့ သူ ထိုင်းနိုင်ငံမှာ စုစည်းပြီး ပါလီမန် ဒီမိုကရေစီ ပါတီနဲ့ ပြည်ချစ် တပ်မတော်ကို ထူထောင်ခဲ့ပါတယ်။ ပီဒီပီက ဦးနုတံဆိပ်နဲ့ ရွှေဒင်္ဂါးသွန်းတာလို၊ ရန်ကုန်မှာ လေယာဉ်နဲ့ဝဲပြီး စာကြဲတာလို လှုပ်ရှားမှုတွေ လုပ်ခဲ့ပေမယ့် စစ်ရေးမှာတော့ မအောင်မြင်ခဲ့ပါဘူး။ ဒီလိုအရေးနိမ့်ရာမှာ လူမျိုးစု လက်နက်ကိုင်တွေရဲ့ ထောက်ခံမှု အပြည့်မရတာအပြင် စစ်ရေးကွပ်ကဲမှု အားနည်းချက်တွေကြောင့်လည်း ပါတယ်လို့ ဝင်ဒီလောရုံ၊ ဒေါက်တာ ခင်လက်ျာ စတဲ့ ပြည်ပြေး ခေါင်းဆောင်တွေရဲ့ သမီးတွေက သုံးသပ်ကြ ပါတယ်။ အမေရိကန် အလှူရှင်တွေ ထောက်ပံ့မှု ရတာတောင် စစ်ရေးအရ မအောင်မြင်ခဲ့တဲ့ ပီဒီပီ ပြိုကွဲသွား ပြီးနောက် ပီဒီပီ အစိုးရလည်း ချုပ်ငြိမ်းသွားပါတယ်။ ဒါပေမဲ့လည်း ဒီလှုပ်ရှားမှုဟာ ၁၉၈၈ နောက်ပိုင်း တစ်ကျော့ပြန်ပေါ် လာတဲ့ အေဘီအက်စ်ဒီအက်နဲ့ ကျောင်းသားလက်နက်ကိုင်လှုပ်ရှားမှုတွေ၊ အန်စီဂျီယူဘီနဲ့ တခြားနိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ ရှေ့က ဗွေဆော်ဦး လက်နက်ကိုင်တစ်ခေတ် ဖြစ်ခဲ့ပါတယ်။

ဒီပီဒီပီအစိုးရမှာ နေးရှင်းသတင်းစာတိုက်ပိုင်ရှင်ဟောင်း ဦးလောရုံကို နိုင်ငံခြားရေးဝန်ကြီး ခန့်ခဲ့တယ်လိုလည်း သမီးဖြစ်သူ ဝင်ဒီလောရုံက ရေးပါတယ်။ ဦးလောရုံဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးတင်ထွဋ်ရဲ့ နယူး ဘားမားသတင်းစာမှာလည်း အလုပ်လုပ်ခဲ့ဖူးလို့ နိုင်ငံခြားရေးရာထူးနဲ့ ပဋ္ဌာန်းဆက်ရှိတယ် လို့ ဆိုနိုင်ပါတယ်။

၁၉၈၈ က ဦးနု စင်ပြိုင်အစိုးရ

၁၉၈ဝ မှာ လွတ်ငြိမ်းချမ်းသာခွင်နဲ့ ပြည်တော်ပြန်ပြီးနောက် ရန်ကုန်မှာ ပိဋကတ်ဘာသာပြန်ပဲ လုပ်နေတဲ့ ဦးနုဟာ ၁၉၈၈ နိုင်ငံရေးလှုပ်ရှားမှုမှာ တစ်ကျော့ ပြန်ပေါ်လာခဲ့ပြီး သူသာလျှင် တရားဝင် ဝန်ကြီးချုပ်ဆိုပြီး စက်တင်ဘာလ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီအစိုးရမှာ တပ်မှူးဟောင်းများအဖွဲ့က ဗိုလ်ချုပ် ကြီးဟောင်း တင်ဦးနဲ့ တခြားတပ်မှူးဟောင်းတချို့ကို ထည့်သွင်းခဲ့ပေမဲ့ လက်မခံဘဲ နုတ်ထွက်ခဲ့ကြပါတယ်။ ၁၉၆၂ မတိုင်ခင် ပြည်ထောင်စု ပါတီ ခေတ်က သမ္မတဟောင်း၊ ဝန်ကြီးဟောင်းနဲ့ ပါလီမန်အတွင်းဝန်ဟောင်း၊ အမတ်ဟောင်းတချို့ ပါတဲ့ ဒီစင်ပြိုင်အစိုးရကို လူထောက်ခံမှု နည်းတဲ့အပြင် ဒေါ် အောင်ဆန်းစုကြည်နဲ့ ကျောင်းသား သမဂ္ဂ တွေရဲ့ ထောက်ခံမှုလည်း မရဘဲ ကန့်ကွက်မှုသာ ကြုံခဲ့ရပါတယ်။ ဒီအချိန်မှာပဲ တပ်က အာဏာဝင်ယူလိုက်တဲ့ အတွက် ဦးနုနဲ့ စင်ပြိုင်အစိုးရဝန်ကြီးတွေ ထိန်းသိမ်းခံခဲ့ရပါတယ်။

ဒီအစိုးရရဲ့ ထူးခြားချက်ကတော့ ဦးနုရဲ့သား ဦးအောင်ကို ဝန်ကြီးတစ်နေရာ ပေးတာနဲ့ ၁၉၆၂ အာဏာသိမ်းခါစက ရှမ်းပြည်နယ် ဦးစီးအဖွဲ့ ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ နမ့်ခမ်း ဦးထွန်းအေးကို ဝန်ကြီးပေးတာကို ဦးထွန်းအေးက လက်မခံခဲ့တာပဲ ဖြစ်ပါ တယ်။ ကယားထဲက ဘော်လခဲစောဖျာဟောင်း စဝ်ငယ်ဒူးလည်း ဒီအစိုးရမှာ ပါသလို ချင်းက သံအမတ်ဟောင်း ဒေါက်တာဝမ်ကိုဟောလည်း ပါပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, ဦးဗဆွေနောက်က ဗိုလ်ခင်မောင်

ဒီထဲက ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှူးအောင်ဟာ လက်နက်အကူအညီပေးဖို့ အိန္ဒိယဝန်ကြီးချုပ်ဆီ စာပို့တဲ့အတွက် ထိန်းသိမ်းခံရသလို ကျောင်းသား လှုပ်ရှားမှုတွေမှာ ကူညီနေတဲ့ စင်ပြိုင်အစိုးရ ဝန်ကြီး သံမဏိ ဗိုလ်ခင်မောင်လည်း ထိုင်းကို ထွက်ပြေးပြီး အဲဒီမှာပဲ ကွယ်လွန်ခဲ့ရပါတယ်။ အာဏာသိမ်း နဝတ အစိုးရ သတင်းစာတွေက ဗိုလ်ခင်မောင်ကို အရှင်ထွက်ဆိုပြီး လှောင်ပြောင်ခဲ့ကြပါတယ်။ စင်ပြိုင်အစိုးရကို ဖျက်သိမ်းဖို့ ဦးနုကို နဝတ စစ်အစိုးရက သတိပေးခဲ့ပေမဲ့ မဖျက်တဲ့အတွက် ၁၉၈၉ မှာ စင်ပြိုင်အစိုးရအဖွဲ့ဝင်တွေ အကျယ်ချုပ်ကျ ထိန်းသိမ်းခံရပါတယ်။ သူ့ကို ဖမ်းချင်ဖမ်း၊ သတ်ချင်သတ်၊ ၁၉၆၂ က တရားမဝင်ယူသွားတဲ့ အာဏာကို ပြန်လွှဲပေးပြီးမှ အစိုးရကို ဖျက်နိုင်မယ်ဆိုပြီး ဦးနုက နဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ဆီကို စာရေးခဲ့ ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အနှစ် ၅ဝ ကျော် တပ်ကြီးစိုးမှုကို အရပ်သားမခုခံနိုင်ခဲ့

၁၉၉ဝ ရွေးကောက်ပွဲမှာ ဦးနုရဲ့ ဇနီး ဒေါ်မြရီ ခေါင်းဆောင်တဲ့ ဒီငြိမ်းအဖွဲ့ချုပ်က လက်စားမချေ၊ သင်ပုန်းချေ ဆိုတဲ့ ချေနှစ်ချေမူနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် ရွေးကောက်ပွဲ အနိုင်ရ NLD ကို အာဏာမလွှဲတဲ့ကိစ္စကနေ နောက်ထပ် အဝေးရောက်အစိုးရတစ်ဖွဲ့ ထပ်ပေါ် လာပြီး စင်ပြိုင်အစိုးရဟောင်းကို မေ့လျော့စပြုလာကြပါတယ်။ ၁၉၉၂ မှာ ဦးနု နဲ့ ဝန်ကြီးဟောင်းတွေကို အကျယ်ချုပ်က ပြန်လွှတ်ပေးခဲ့ပြီး သူ မကွယ်လွန်ခင်မှာတော့ ပြည်ပရောက်နေတဲ့ သားတွေကို ပြန်လာခွင့်ပေးခဲ့ ပါတယ်။ ဦးနုရဲ့ ဒုတိယစင်ပြိုင်အစိုးရက ဝန်ကြီးလက်ကျန်အဖြစ် ဦးသုဝေနဲ့ ပထစအမတ်ဟောင်း ဦးရဲခေါင်ညွန့်တို့ ရှိပါသေးတယ်။

တိမ်မြုပ်သွားတဲ့ အန်စီဂျီယူဘီ

၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို စစ်အစိုးရက အာဏာလွှဲမပေးတာကို အကြောင်းပြုပြီး အမရပူရမှာ ယာယီအစိုးရဖွဲ့ဖို့ စည်းဝေးတာကနေ အမတ်တချို့ နယ်စပ်ကို ထွက်ပြေးရပါတယ်။ ထိုင်းနယ်စပ်ရောက် လွှတ်တော်အမတ်တွေ စုစည်းပြီး ကေအန်ယူ မာနယ်ပလောစခန်းမှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲ ဒေါက်တာစိန်ဝင်းကို ဝန်ကြီးချုပ် ခန့်ကာ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖွဲ့ပါတယ်။ ဒီအစိုးရ မှာ NLD ကယားအမတ် တယ်ဒီဘူးရီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဦးသာနို့၊ ချင်း NLD က ဒေါက်တာ ဇလှယ်ထန်တို့ကို ဝန်ကြီးနေရာတွေပေးသလို ကယန်းအမျိုးသားများ စည်းလုံး ညီညွတ်ရေး ဒီမိုကရေစီအဖွဲ့က ခွန်မာကိုဘန်းကိုလည်း ဖက်ဒရယ်ရေးရာ ဝန်ကြီးခန့်ပါတယ်။ တသီးပုဂ္ဂလအမတ်ထဲက ဝန်ကြီးဖြစ်တဲ့ ပီတာလင်းပင်ဟာလည်း ဂျပန်ခေတ် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာသိန်းမောင်ရဲ့ မြေးဖြစ်ပါ တယ်။

အစပိုင်းမှာ ဒီအစိုးရကို လူထုမျှော်လင့်ချက် အတော်ကြီးခဲ့ ပေမဲ့ သင်္ချာပညာရှင် ဒေါက်တာစိန်ဝင်းရဲ့ နိုင်ငံရေးဝါနုမှုနဲ့ အစိုးရဝင်တွေရဲ့ နိုင်ငံရေး အားနည်းမှုတွေကြောင့် တစ်ဖြည်းဖြည်း အားလျော့လာသလို ပြည်တွင်း မှာလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျရင် ငြိမ်သက်သွားတဲ့ ပါတီလှုပ်ရှားမှုတွေကြောင့် နိုင်ငံရေး ဒီရေဟာ ဆယ်စုနှစ်နဲ့ချီ ရပ်တန့်နေခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Brendan Smialowski

ဓာတ်ပုံ ပုံစာ, အမျိုးသားညွန့်ပေါင်း အစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ဝန်ကြီး ဦးဘိုလှတင့်

၁၉၉၃ မှာတော့ ဒေါက်တာစိန်ဝင်း အစိုးရထဲက ဝန်ကြီး ဦးဝင်းကို တရုတ်ပြည် ယူနန်နယ်က ဟိုတယ်တခုမှာ တည်းနေတုန်း သတ်ဖြတ်ခံရသလို ဦးလှဖေလည်း ထိုင်းမှာ အသတ်ခံရပါတယ်။ ၁၉၉၄ မှာ ထိုင်းရောက် ဝန်ကြီး ဦးသန်းကြွယ်နဲ့ ဦးမြင့်မောင်တို့ သံရုံးကတစ်ဆင့် ပြည်တွင်း ပြန်ဝင်ဖို့ ကြိုးစားလို့ လေယာဉ်ပေါ် တင်ပေးလိုက်တယ်လို့လည်း ထိုင်းသံအမတ်ဟောင်း ဦးညွန့်ဆွေက နိုင်ငံခြားရေးဝန်ကြီးဌာန ရွှေရတုစာစောင် မှာ ရေးပါ တယ်။ ပြည်တွင်းက ရာနဲ့ချီတဲ့ ၁၉၉ဝ လွှတ်တော်အမတ်တွေ ထုတ်ပယ် နုတ်ထွက် တာတွေ ဖြစ်လာသလို ပြည်ပရောက်နေတဲ့ ဒေါက်တာစိန်ဝင်းနဲ့ ဝန်ကြီးတွေလည်း အမေရိကန်၊ သြစတြေးလျ စတဲ့ တတိယ နိုင်ငံတွေမှာ ရွှေ့ပြောင်း အခြေချကြပါတယ်။

၁၉၉၈ မှာ စီအာပီပီခေါ် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့ပြီး ရှမ်း၊ ရခိုင်၊ ချင်း၊ မွန်နဲ့ ရိုဟင်ဂျာ စတဲ့ လူမျိုးစုပါတီတွေနဲ့ NLD ကွန်ရက်ဖွဲ့ခဲ့ ပေမဲ့ ဒီလှုပ်ရှားမှုလည်း ဖမ်းဆီး ဖိနှိပ်ခံခဲ့ရပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အတည်ပြုပြီးနောက်မှာတော့ လက်ခံဖို့ NLD ပါတီကို စစ်အစိုးရ ဖိအားပေး လာပါတယ်။ ၂ဝဝ၉ က ရွှေဂုံတိုင်ကြေညာချက်မှာ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ တောင်းဆိုခဲ့ပေမယ့်လည်း ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ပြီး လွှတ်တော်အမတ် ဖြစ်လာပါတယ်။ အဲဒီနောက်ပိုင်း ၁၉၉ဝ ရွေးကောက်ပွဲနဲ့အတူ ပေါ်ပေါက်ခဲ့တဲ့ အန်စီဂျီ ယူဘီ အစိုးရရဲ့ လှုပ်ရှားမှုတွေ ရပ်ဆိုင်းသွားပြီး ဖျက်သိမ်းခဲ့ပါတယ်။ ဒီအစိုးရကို ၁၉၉၁၊ ၁၉၉၅၊ ၂ဝဝဝ၊ ၂ဝဝ၄၊ ၂ဝဝ၆ နဲ့ ၂ဝဝ၉ ခုနှစ်တွေမှာ ထိုင်း၊ ဆွီဒင်၊ အိုင်ယာလန်၊ အီတလီနဲ့ အမေရိကန် မှာ ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့လည်း ဒေါက်တာတင့်ဆွေနဲ့ ဦးခင်ကျော်ဟန် တို့ရဲ့ ရေးသားချက်တွေအရ သိရပါတယ်။ ၁၉၉၂ မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မာနယ်ပလောစာချုပ်ကို ကေအန်ယူ၊ မွန်ပြည်သစ်အဖွဲ့တွေနဲ့ အန်စီဂျီယူဘီ လက်မှတ်ထိုးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Daniel SIMON

ဓာတ်ပုံ ပုံစာ, အကျယ်ချုပ်နှစ်ရှည်ကျခဲ့သူ ဒေါ်အောင်ဆန်းစုကြည်

၂ဝ၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီးနောက် ပြည်ပရောက်နေတဲ့ စင်ပြိုင်အစိုးရဝန်ကြီးဟောင်း တချို့ ပြန်လာဖို့ ကြိုးစားရာမှာ တချို့ လာခွင့် ရပေမယ့် ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ပြန်ခွင့်ရဖို့ တော်တော် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ၂ဝ၁၈ မှ မတရားအသင်းကြေညာတာကနေ ဖျက်သိမ်း ပေးလိုက်လို့ ပြန်ခွင့်ရတာ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် စင်ပြိုင်နှစ်ခု

burma

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်နဲ့ အရပ်သား အာဏာ ချိန်ခွင်လျှာ ကျိုးပျက်

၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို အန်တုဖို့ NLD ဘက်က ပေါ်ထွက်လာတဲ့ အန်ယူဂျီအစိုးရမှာတော့ အန်စီဂျီယူဘီထက် လူမျိုးစု ပါတီငယ်တွေနဲ့ ပြင်ပညာရှင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင် တွေ ပိုပါဝင်လာကြပါတယ်။ ဒေါက်တာစိန်ဝင်းတို့ခေတ်ကလို ပြည်ပအခြေစိုက် ရေဒီယိုနဲ့ ရုပ်သံကို အားပြုစရာ မလိုဘဲ ပြည်တွင်း မှာ အင်တာနက်ကနေ ခုချိန်ထိ အင်တာနက် သုံးတဲ့ ပြည်သူတွေနဲ့ ထိတွေ့ လှုံ့ဆော်ခွင့် လည်း အန်ယူဂျီ ဘက်က ရရှိထားပါတယ်။ အန်စီဂျီယူဘီ ခေတ်ဟောင်းကလိုပဲ နယ်စပ်က လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေရဲ့ ထောက်ခံကူညီမှုနဲ့ ရပ်တည်ခွင့်ရဖို့ ကြိုးစားရတာကလည်း အန်ယူဂျီခေတ်မှာ ရှိဆဲ ဖြစ်သလို လူမျိုးစုတပ်တွေနဲ့ ဖက်ဒရယ်တပ်ဖွဲ့ဖို့ပြီး စစ်ကောင်စီတပ်တွေကို ပြန်တိုက်ဖို့လည်း အန်ယူဂျီဘက်က ကြိုးစားနေပါတယ်။

အန်စီဂျီယူဘီခေတ်က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (အန်စီယူဘီ) ဆိုပြီး ၂ဝဝ၉ ခုနှစ်မှာ အဝေးရောက်စင်ပြိုင်ပုံစံ ပေါ်လာခဲ့တာမျိုး နောက်ထပ် အန်ယူဂျီနဲ့ စင်ပြိုင်အစိုးရ ထွက်လာမလား၊ အန်ယူစီစီ ခေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဖွဲ့ပြီးနောက်မှာရော တကယ်ပဲ လူမျိုးစုတွေနဲ့ အရပ်ဘက် လူမှုအလွှာစုံကို ဖြန့်ကျက်နိုင်တဲ့ ကွန်ရက်ကြီး ပေါ်လာမလား ဆိုတာကတော့ ဆက်လက်စောင့်စား ရမယ့် သမိုင်းဖြစ်ပေါ်မှု တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ညွန့်ပေါင်းအစိုးရအဖြစ် ၁၉၃၇ တဝိုက်က ဒေါက်တာဘမော်နဲ့ ဦးပု စတဲ့ နိုင်ငံရေးသမားတွေ ဖွဲ့ခဲ့တဲ့ ညွန့်ပေါင်း အစိုးရတွေသာ ရှိခဲ့ပြီး လွတ်လပ်ရေးမရခင်မှာ ဖွဲ့ခဲ့တဲ့ ကရင်၊ လက်ယာအုပ်စုတွေနဲ့ ဖဆပလ အစိုးရဟာလည်း ပြိုကွဲပြီး သတ်ဖြတ်စစ်ခင်းမှု တွေနဲ့ အဆုံးသတ်ခဲ့ဖူးပါတယ်။ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုဟာ ပေါင်းစပ်လုပ်ကိုင်ခြင်းထက် လက်ဝါးကြီးအုပ် အာဏာထူချင်တဲ့ စိတ်က ပိုများတယ်လို့လည်း နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာမောင်မောင်ကြီးက မြန်မာ့နိုင်ငံရေးတန်ဖိုးများ စာတမ်းမှာ ရေးခဲ့ပါတယ်။ ဒါကြောင့်လည်း မယုံသင်္ကာမှု၊ စိုးရိမ်စိတ်၊ အပြန်အလှန် အာဃာတ အမုန်း တရားနဲ့ အာဏာရှင်စိတ်တွေ အမြစ်တွယ်နေတဲ့ နိုင်ငံရေးအုပ်စုတွေကြားမှာ အာဏာလုပွဲ၊ ပြည်တွင်းစစ်နဲ့ ဖိနှိပ် လက်စားချေမှုတွေနဲ့ နှစ်ရှစ်ဆယ်နီးပါး အချိန်ကုန်ခဲ့တာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ROYAL THAI ARMY HANDOUT

ဓာတ်ပုံ ပုံစာ, စစ်ပွဲကြားက မြေစာပင်ပြည်သူများ

နောက် ခုချိန်ထိ စစ်ကောင်စီနဲ့ အန်ယူဂျီကြားက စစ်ရေး၊ သံတမန်ရေးနဲ့ နိုင်ငံရေးပြိုင်ပွဲကြီးမှာ ဘယ်ဘက်က အပြတ်အသတ်နိုင်မယ်ဆိုတာ ပြောရ ခက်တဲ့ အနေအထားပဲ ရှိနေပါသေးတယ်။ ၁၉၄၈-၄၉ နှစ်များဆီက နိုင်ငံမှာ ရောင်စုံသူပုန်နဲ့ အစိုးရတပ်တွေ အားပြိုင်ချိန်လိုမျိုး လူမျိုးစုတပ်တွေ၊ အရပ်သားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်တွေကြား သွေးထွက်သံယိုတိုက်ပွဲတွေကလည်း အတော်အရှိန်ရလာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါ စင်ပြိုင် အစိုးရနှစ်ရပ်မှာ ဘယ်သူ အဝေးရောက်သွားမလဲ၊ ဘယ်သူ စစ်ပြေးရမလဲ ဆိုတာက ပြောရစောသေးသလို နိုင်ငံတကာကြားဝင်ဖြန်ဖြေမှုကို စစ်ပြိုင်နေကြတဲ့ စစ်ဘက်နဲ့ အရပ်ဘက်နိုင်ငံရေး အုပ်စုတွေက လက်ခံပါ့မလား ဆိုတာကလည်း အဖြေမထွက်သော အမေးပုစ္ဆာသာ ဖြစ်နေပါသေးတယ်။