တိုက်ပွဲသတင်း

နွမ်းလန့် (Numlang) ကျေးရွာနေအိမ်များသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်

မိုးမောက်မြို့နယ် နွမ်လန့် (Numlang) ကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ၄ လုံးပစ်ထည့်လိုက်ကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

မေလ ၅ရက် ယနေ့မွန်းလွဲပိုင်း ၂နာရီခန့်တွင် အာဏာသိမ်းစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်နက်ကြီးပစ်ခတ်ခဲ့ရာ အာဏာသိမ်းစစ်တပ်က တန်ပြန်သည့်အနေဖြင့် လူနေအိမ်ရှိရာသို့ လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်လိုက်သည်ဟု ဒေသခံ တစ်ဦးက ယခုလိုပြောပြသည်။

“နေ့လည် ၂နာရီလောက်မှာဟုတ်တယ်။ KIA ဘက်က စပစ်တယ်။ စစ်သားတွေရှိတဲ့ဘက်ကို။ အဲမှာ စစ်သားတွေက KIA ရှိတဲ့ဘက်ကို ပြန်မပစ်ဘဲ ကျေးရွာအတွင်းကို ပစ်တယ်။ ရွာမှာ လက်နက်ကြီးကျည် ၃လုံးကျတယ်။ ရွာအပြင်မှာ ၁လုံးကျတယ်”ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိသူများ မရှိကြောင်း သိရသည်။

မေလ ၄ ရက်ည ၉ နာရီနှင့် မေလ ၅ ရက်နေ့ နံနက်ပိုင်းကလည်း အာဏာသိမ်းစစ်တပ်က စစ်လေယာဉ် ၂ စီးဖြင့် အဆိုပါ မြို့သစ်၊ ကုန်းလော၊ နွမ်းလန် ကျေးရွာများသို့ သွားရောက်ပစ်ခတ်ခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ ဒေသဖြစ်သော မိုးမောက်မြို့နယ် အလော့ဘွမ်တောင်ခြေရှိ အဆိုပါ ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA  တို့ကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

မေလ ၃ ရက်နေ့ကလည်း စစ်တပ်၏ စစ်ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချ နိုင်ခဲ့သည်။

Show More

Related Articles

Back to top button