တိုက်ပွဲသတင်း

မံစီမြို့နယ်  KIA တပ်ရင်း ၁၅ နှင့် ၂၇ တို့တွင် တိုက်ပွဲပြင်းထန်

မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ နယ်မြေတွင် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၃ ရက်ခန့်ရှိပြီဟု သိရသည်။

မေလ ၁၁ ရက်နေ့မှစ၍ မံစီမြို့နယ် KIA တပ်ရင်း ၁၅ နယ်မြေ ကဒေါ့ နှင့် မန်ဒါတောင် စသောနေရာ အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး မေလ ၁၃ရက်နေ့ ည ၇နာရီခွဲအထိ အာဏာသိမ်းစစ်တပ်ဘက်က လေယာဉ်ဖြင့် ၂ကြိမ်တိတိ လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကဒေါ့၊ မန်ဒါ ဒီတစ်လျှောက်မှာတိုက်ပွဲဖြစ်နေတယ်။ KIA ဘက်ကတော့ စခန်းတစ်ခုကိုတော့ သိမ်းလိုက်ပြီလို့တော့ ကြားတယ်။ ကောင်းကောင်းအတည်မပြုရသေးဘူး။ ဒီမနက် ၇နာရီလောက်ကနေပြန်ပစ်ကြတယ်။ အခု ၈နာရီအထိလက်နက်ကြီးသံတွေကြားနေရ သေးတယ်။ မနေ့ညကတော့ စစ်သားတွေက လေယာဉ်နဲ့ ၂ခါလာတိုက်တယ်။ ဒီမနက်တော့ လေယာဉ်သံမကြားရသေးဘူး”ဟု ပြောဆိုသည်။

ကဒေါ့ မန်ဒါတွင်တည်ရှိသည့် အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတစ်ခုကို KIA က သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းရရှိကြောင်း ဒေသခံတစ်ချို့ပြောဆိုနေသော်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုလိုပြောသည်။

“စခန်းသိမ်းတယ်ဆိုတာက သတင်းမရသေးဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်နေတာက သေချာတယ်။ ဒီကနေ့ ဆို ၄ရက် ရှိပြီ။ ကျနော်တို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဟုတ်တယ်” ဟု ပြောဆိုသည်။

ထို့အပြင် မံစီမြို့နယ်အတွင်း KIA တပ်ရင်း ၂၇ မဒန်ယန်ဘက်တွင်လည်း တိုက်ပွဲ ပြင်းထန်နေသည်မှာ ၃ ရက်ခန့်ရှိပြီး စစ်တပ်ဘက်က တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်နေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်ပြောဆိုသည်။

KIO ဗဟိုဌာနချုပ်အနီး အလော့ဘွမ်ကို ပြန်လည်တိုက်ခိုက်ရန် အာဏာသိမ်းစစ်တပ်၏ စစ်အင်အား ထောင်ဂဏန်းက အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလောဘက်သို့ စစ်အင်အား တိုးချဲ့လာစဉ် မေလ ၁၁ ရက်နေ့က စတင်ပြီး မံစီမြို့နယ် KIA တပ်မဟာ ၃ ဒေသသို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button